ယခုလည်း ဗိုလ်ချူပ်ကြီးသည် အမဲစွပ်ပြုတ်ကို ကျွန်တော် မပြီးခင် ငါးမိနစ် နှင့် ပြောင်သလင်းခါအောင် စားပစ်လိုက်သည်။ ကျွန်တော် အစားနှေးနေခြင်းမှာ စားချင်စိတ် မရှိ၍ တော့ မဟုတ်၊ မဒမ်၏ အမဲစွပ်ပြုတ် ကြောင့် အမေ့အိမ်ကို ပြန်သတိရသွား၍ ဖြစ်သည်။
အမေသည် အဖေ စား၍ ကျန်သော အမဲရိုးများ ကို စုပေါင်းစပ်ပေါင်း ပြီး စွပ်ပြုတ်လုပ်ပေးလေ့ ရှိသည်။ ထို့အတွက် ကျွန်တော်တို့ သောက်ရသည့် စွပ်ပြုတ်သည် အရည်ချည်း သက်သက်သာ ဖြစ်သည်။ ပရိုတိန်းဓါတ် ပါသည့် အမဲသား အမြှင်များသည် ကျွန်တော်တို့လို လူဆင်းရဲများ အတွက် အနားသို့ မကပ်နိုင်။ တခါတရံ အမေက သူ့မှာ ရှိသမျှ ခြစ်ခြုပ်ပြီး ဝယ်ခြမ်းလာသည့် အခါမျိုးမှသာ အသား နှင့် စားရသည်။ ထိုသို့ ချက်ပြုတ်ရသည့် အခါတွင်တော့ အ မေ၏ လက်ရာသည့် အံ့သြဖွယ် ကောင်း လောက် အောင် မွှေးကြိုင်သင်းပျံ့နေသည်။ ကျွန်တော်လည်း ဂျင်းတို့၊ ကြက်သွန်တို့ နုပ်နုပ် စင်း ပေးပြီး ဟင်းအိုးထဲ ထည့်ပေးရသည်။
အရိုးတွေ တငြှိမ့်ငြှိမ့် ပြုတ်နေစဉ်မှာ ဟင်းရည်ကြည်ပြီး အရသာ စိမ့်ဝင်နေဖို့အတွက် အပေါ်ယံမှာ တက်လာသည့် အမြှုပ်အညစ်အကြေး တွေကို ခပ်ထုတ်ရတာကလည်း ကျွန်တော့်၏ အလုပ်တစ်ခုပင်။ အရိုးဟင်းရည်က နာရီပေါင်းများစွာကြာအောင် တငွေ့ငွေ့ ဆူပွက်နေချိန် ကျွန်တော်ကတော့ အိုးဘေးနားမှာထိုင်ပြီး ကျောင်းစာတွေလုပ်ရင်း ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေမိသည်။ စွပ်ပြုတ်၏ မွှေးပျံ့သည့် ရနံ့က ကျွန်တော့်ကို ကလူအိသို့ မြူအိသို့ လုပ်နေသည်ကို လည်စင်း ခံနေရသည်။
မဒမ်၏ အမဲစွပ်ပြုတ်သည် ကျွန်တော့်ကို အမေ၏ မီးဖိုချောင်လေးဆီသို့ ပြန် ခေါ်သွားခဲ့သည်။ ဒီစွပ်ပြုတ်သည် ကျွန်တော့် အမှတ်ရကဲ့သလိုမျိုးတော့ နွေးထွေးချင်မှ နွေးထွေး ပေလိမ့်မည်၊ ကိစ္စမရှိ။ ကျွန်တော် သောက်နေသည့် စွပ်ပြုတ်၏ အရသာတင်မကဘဲ အမှတ်ရစရာ များကို ရိုးတွင်းခြင်ဆီ အထိပါ မြိန်မြိန်ယှက်ယှက် ခံစားနိုင်ဖို့အတွက် တငုံချင်း ခပ်ဖြေးဖြေး သောက်နေမိခြင်းသာ ဖြစ်သည်။
အရသာ ရှိတယ်ဗျာ၊ ဒါမျိုး မစားရတာ ကြာပြီ ၊ ဆိုင်တောင် ဖွင့်သင့်နေပြီဟု ကျွန်တော်က ပြောလိုက်သည်။ မဒမ်လည်း သဘောကျသွားသည်ကို သူ့ မျက်နှာပေါ်တွင် အတိုင်းသား တွေ့လိုက်ရသည်။
မင်း ဒါ တွေ့ပြီးပြီလား ဟု မီးဖိုချောင် စားပွဲပေါ်ရှိ သတင်းစာပုံထဲမှ တစောင်ကို ဆွဲထုတ်လိုက်ပြီး ဗိုလ်ချုပ်ကြီးက မေးလာသည်။ သူ ဆွဲထုတ်လိုက် သည် က တလလျင် နှစ်ကြိမ် ထုတ် ဆန်နီ၏ သတင်းစာ ဖြစ်သည်။ မကြည့်ရသေးဖူးဘူး ဟု ကျွန်တော် က ပြောလိုက်သည်။ သူ့စိတ်ထဲ မတွေ့ ဖြစ်နေသည်က အရက်မူးသမား ဗိုလ်မှုး၏ အသုဘ နှင့် ပတ်သက်ပြီး ရေးထားသော ဆောင်းပါး တပုဒ် ကြောင့် ဖြစ်သည်။ ယခုအခါ နှစ်ပတ် သုံးပတ်ပင် ဖြစ်လာပြီး မင်္ဂလာဆောင် သတင်းပင် ပါပြီး ဖြစ်သည်။
ဆန်နီက ရဲတပ်ဖွဲ့ကတော့ ဒါကို 'ဓားပြတိုက်-လူသတ်မှု' လို့ အမည် တပ်ခဲ့သည်၊ သို့သော်လည်း လျှို့ဝှက်ပုလိပ် အရာရှိတစ်ယောက် အား သေစေချင်လောက်သည့် ရန်သူတွေ မရှိဘူး ဆိုတာ တကယ်ပဲ သေချာနေပြီလားဟု ဆန်နီက ရေးသားခဲ့သည်။ မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီးလည်း ပြောကြားခဲ့သည့် မိန့်ခွန်းများကို အနှစ်ချုပ်ရင်း "စစ်အကြောင်း ပြောနေကြတာတွေကို ရပ်တန့်ဖို့ အချိန်တန်ပြီထင်တယ်။ စစ်ပွဲက ပြီးသွားပြီ မဟုတ်လား ဟုလည်း သုံးသပ်သွားပြန်သည်။
တကယ်တော့ သူ နယ်ကျွံသွားပြီဆိုတာ ကျွန်တော် သိနေပါလျက် နှင့် ကျွန်တော်က သူ လုပ်ရမယ့် အလုပ် လုပ်နေတာပဲလေ ပြောလိုက်သည်။ ဒါပေမဲ့ သူ နည်းနည်းတော့ နုံအ တယ်လို့ ကျွန်တော် ထင်တယ်၊ ဒါကို နုံအတယ်လို့ ခေါ်တာလား၊ မင်းကတော့ အကောင်းမြင်လွန်းတာပဲ။ သူက သတင်းထောက်တစ်ယောက် ဖြစ်ရမှာလေ။ သတင်းထောက်ဆိုတာ အချက်အလက်တွေကိုပဲ တင်ပြရမှာ၊ ကိုယ့်ဘာသာ ဖန်တီးတာမျိုး၊ ကိုယ်လိုသလို အဓိပ္ပာယ်ကောက်တာမျိုး ဒါမှမဟုတ် လူတွေရဲ့ ခေါင်းထဲကို အတွေးအမြင်တွေ ရိုက်သွင်းတာမျိုး မလုပ်ရဘူး။
'ဒါပေမဲ့ အဲဒီဗိုလ်မှူး နဲ့ ပတ်သက်ပြီး သူပြောတာ မမှားဘူးမလား။
"မင်းက ဘယ်ဘက်ကလဲ' လို့ မဒမ်က သူမရဲ့ ထမင်းချက် အခန်းကဏ္ဍကို လုံးဝဘေးဖယ်ထားပြီး မေးလာသည်။ 'သတင်းထောက်တွေမှာ အယ်ဒီတာ လို နေတယ်၊ အယ်ဒီတာတွေလည်း အထုအ ထောင်း ခံနိုင်ဖို့ လိုတယ်။ အဲဒါက အကောင်းဆုံး သတင်းစာ မူဝါဒပဲ။ ဆန် နီ ရဲ့ ပြဿနာက သူက သူ့ဘာသာ အယ်ဒီတာလုပ်နေပြီး သူ့ကို ထိန်းကျောင်းမယ့်သူ မရှိတာပဲ။' သတင်းထောက် ဆိုတာ အချက်အလက် ကိုပဲ တင်ပြဖို့ ရှိတာလေ၊ သူ အယူအဆ တွေ ကို လူတွေ ခေါင်းထဲ ထည့်ပေးဖို့ တာဝန် မရှိဘူး။
မဒမ် ပြောတာ လုံးဝမှန်ပါတယ်၊ ကျွန်တော်သည် ဒါရိုက်တာကြီး ၏ ထိုးနှက်ချက်ကို လောလောလပ်လပ် ခံထားရ၍လည်း ဇတ်ရုပ်ထဲ မှ ချော်ထွက်သွားခဲ့ရခြင်း ဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ အရမ်းများလွန်းခြင်းသည်ကလည်း ဒီမိုကရေစီအတွက် မကောင်းဘူး ကျွန်တော် ပြောလိုက်သည်။ တကယ်တော့ ထို စကားသည် ကျွန်တော်၏ စိတ်ရင်းအမှန် အတိုင်း ပြောလိုက်ခြင်း မဟုတ် သော်လည်း ကျွန်တော် သရုပ်ဆောင်နေရသည့် 'ဗိုလ်ကြီး' ဆိုတဲ့ ဇာတ်ကောင်ကတော့ ဒါကို တကယ်ယုံကြည် နေသည့် အတွက် ဒီဇာတ်ရုပ်ကို ကပြနေရသည့် သရုပ်ဆောင်တစ်ယောက်အနေနှင့် ဗိုလ်ကြီး ဆိုသူ၏ ခံစားချက်ကို ကျွန်တော် ကိုယ်ချင်းစာ ပြောပေးခဲ့ရခြင်း ဖြစ်သည်။
သရုပ်ဆောင်အများစုသည် သူတို့၏ မျက်နှာဖုံးများ ကို တပ်ထားရ သည့် အချိန်ထက် ချွတ်ထားရတဲ့အချိန်က ပိုများတတ်ကြသည်။ ကျွန်တော့် အခြေအနေကတော့ ဆန့်ကျင်ဘက် ဖြစ် နေသည်။ ထိုကြောင့်လည်း တစ်ခါတလေ ကျွန်တော့်မျက်နှာပေါ်က မျက်နှာဖုံးကို အတင်းခွာချဖို့ ကြိုးစားနေမိသည်၊ တကယ်တမ်းမှာတော့ အဲဒီမျက်နှာဖုံးသည် ကျွန်တော့်၏ မျက်နှာကိုယ်တိုင် ဖြစ်နေမှန်း သိလိုက်ရသည့် အိပ်မက်ဆိုး များကို မက်နေခြင်းသည် အံ့သြစရာတော့ မဟုတ်။ အခုတော့ ကျွန်တော်သည် 'ဗိုလ်ကြီး' ဆိုသည့် မျက်နှာဖုံးကို ကွက်တိဖြစ်အောင် ပြန်လည်တပ်ဆင်လိုက်ပြီးမှပဲ - 'အမြင်နဲ့ အယူအဆတွေ အရမ်းများလွန်းနေရင် သာမန်ပြည်သူတွေအနေနဲ့ ဘယ်အရာက အသုံးဝင်တယ်၊ ဘယ်အရာက ကောင်းမွန်တယ်ဆိုတာကို ခွဲခြားနိုင်စွမ်း ရှိမှာမဟုတ်တော့ဘူး' လို့ ပြောလိုက်သည်။
ဘယ်ကိစ္စမှာမဆို အမြင် ဒါမှမဟုတ် အိုင်ဒီယာ နှစ်ခုထက်ပိုပြီး ရှိမနေသင့်ဘူးလို့ ဗိုလ်ချုပ်ကြီး က ပြောသည်။ 'မဲပေးတဲ့စနစ်ကိုပဲ ကြည့်လေ၊ ဒီသဘောတရားပဲပေါ့။ ငါတို့ဆီမှာ နိုင်ငံရေးပါတီတွေ၊ လောင်းကြေးထပ်သူတွေ အများကြီးရှိခဲ့လို့ ဘယ်လောက်တောင် ရှုပ်ထွေးကုန်သလဲ ကြည့်ဦး။ ဒီမှာတော့ မင်းက ဘယ်လက်ကို ရွေးမလား၊ ညာလက်ကို ရွေးမလား.. ဒါဆိုရင်ပဲ လုံလောက်နေပြီ။ ရွေးချယ်စရာ နှစ်ခုတည်းရှိတာတောင် သမ္မတရွေးကောက်ပွဲတိုင်းမှာ ဖြစ်ပျက်နေတဲ့ ဒရမ်မာတွေကို ကြည့်ဦး။
တကယ်တော့ ရွေးချယ်စရာ နှစ်ခုဆိုတာတောင် များလွန်းနေသေးတယ်။ တစ်ခုတည်းရှိရင် လုံလောက်ပြီ၊ ဘာမှရွေးစရာမလိုတာကတောင် ပိုကောင်းဦးမယ်။ နည်းလေ ပိုကောင်းလေပဲ မဟုတ်လား ၊ Less is more ပဲ။
'မင်းလည်း အဲ့ဒီ ဒါရိုက်တာ အကြောင်း သိတာပဲ ။ သူက မင်းစကားဆို နားထောင်မှာပါ။ ငါတို့နိုင်ငံမှာတုန်းက ဘယ်လိုတွေ လုပ်ခဲ့သလဲဆိုတာ ပြန်သတိပေးလိုက်စမ်း။ ငါတို့ အခု ဒီမှာ ရှိနေပေမဲ့ ငါတို့အရင်က လုပ်ခဲ့တဲ့ နည်းလမ်းတွေကိုတော့ မှတ်မိနေဖို့ လိုသေးတယ်။ ဟိုးအရင် ရွှေခေတ်တုန်းကဆိုရင်တော့ ဆန်နီလို ကောင်မျိုး အချုပ်ခန်းထဲမှာ ချွေးပြန်နေလောက်ပြီ'။
ကျွန်တော်ကတော့ အခုလို ပြန် မေး လိုက်သည်- 'အဲဒီအရင်တုန်းက အကြောင်းတွေ ပြောရင်တော့ ဆရာ၊ ကျွန်တော်တို့ အဲဒီအချိန်တွေကို ပြန်ရဖို့အတွက်ရော တစ်စုံတစ်ရာ တိုးတက်မှု ရှိနေပြီလားခင်ဗျာ' လို့။"
ဗိုလ်ချုပ်ကြီးက ကုလားထိုင် ကို ကျောမှီလိုက်ရင်းက တိုးတက်မှု တွေ တော့ ရှိနေပြီကွ၊ ငါတို့ဖက်မှာ ကလော့ဒ် တို့ ကွန်ဂရက် အမတ် တို့လို မဟာမိတ်တွေ ရှိနေပြီ၊ သူတို့ကတောင် သူတို့ချည်းပဲ မဟုတ်ပါဘူးလို့ ပြောလာကြပြီ၊ ဒါပေမယ့် အခုလို အချိန်မျိုး မှာ အမေရိကန် လူထု က နောက်ထပ် စစ်ပွဲ တပွဲ ထပ် မနွှဲချင် ကြတော့ လူသိရှင်ကြား ထောက်ခံကြဖို့က မလွယ်လှဘူးလေ။ ဒီတော့ ငါတို့ဖာ ငါတို့ တဖြေးဖြေး တည်ဆောက်ယူရမှာပဲ။
ကျွန်တော်တို့ဖက်က ဟိုနေရာ၊ ဒီနေရာမှာ ကွန်ယက်တွေ ရှိထားဖို့တော့ လိုမယ်။
ငါတို့ ပထမဆုံး တွေ့ဖြစ်တုန်းက ရောက်လာကြတဲ့ အရာရှိ တွေ အမည် စာရင်း ငါ့မှာ ရှိထားပြီးပြီ၊ ကိုယ်တိုင်ကိုယ်ကျ လည်း ပြောပြထားတယ်၊ အားလုံးက တိုက်ရမယ့် အခွင့်အရေး ရဖို့ ကို အတော်ကို အားသန်နေကြတယ်၊ ဒီမှာ သူတို့အတွက် ဘာမှရှိတာမဟုတ်ဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့နဲ့ လူ ပီသစွာ ပြန် ရပ်တည်နိုင်ဖို့ဆိုတာ ငါတို့နိုင်ငံကို ပြန်သိမ်းပိုက်နိုင်မှပဲ ဖြစ်မယ်။
ဒီလိုမျိုး တပ်ဦး တစ်ခုတည်း ရှိထားယုံနဲ့တော့ မလုံလောက်ဘူး ဟု ကျွန်တော်က ပြောလိုက်သည်။
တပ်ဦး ဆိုတာ ကွန်မြူနစ် စကားကွဲ့ ဟု မဒမ်က ဝင်ပြောသည်။
မဒမ် ပြောသလို လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခုတော့ ကွန်မြူနစ် တွေ ဖက်က အနိုင်ရရှိသွားခဲ့ပြီ ဆိုတော့ သူတို့ရဲ့ မဟာဗျူဟာ အချို့တဝက်ကို ကျွန်တော်တို့ လေ့လာသင့်တယ်၊ တပ်ဦး ဆိုတာ လူထုကိုယ်တိုင်က သူတို့ ဘယ်ကိုသွားချင်မှန်းတောင် မသိဘဲ ဖြစ်နေချိန်မျိုး မှာ သွားကိုသွားရမယ့် ပန်းတိုင်တစ်ခုဆီ အားလုံးကို ဦးဆောင်ခေါ်ယူသွားနိုင်သူတွေ ဖြစ်ရမယ်။
သူ ပြော တာ မှန်တယ်ကွ။
ရှေ့တန်းက ဦးဆောင်မယ့် တပ်ဦး ဟာ လျှို့ဝှက်စွာ လှုပ်ရှားရပေမဲ့ တစ်ခါတလေမှာတော့ အများပြည်သူကို တခြားမျက်နှာစာ တစ်ခု ထုတ်ပြရတတ်တယ်။ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့တွေနဲ့ အဲဒီလို အဖွဲ့အစည်းမျိုးတွေဟာ တပ်ဦး ရဲ့ မျက်နှာစာ တွေ ဖြစ်လာတာပေါ့။
'အတိအကျပဲ' လို့ ဗိုလ်ချုပ်က ထောက်ခံလိုက်သည်။ ဆန်နီ ကို ကြည့်လေ။ သူ့ရဲ့ သတင်းစာကို အဲဒီလို မျက်နှာစာအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်အောင် ငါတို့ လုပ်ရမယ်။ ပြီးတော့ လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ ပညာတတ်အဖွဲ့တွေတောင် လိုဦးမှာ။
ဆဲလ် လို့ခေါ်တဲ့ အဖွဲ့ငယ်လေးတွေလည်း လိုတယ်။ အဖွဲ့အစည်းရဲ့ ဆဲလ် တစ်ခုစီကို တစ်ခုနဲ့တစ်ခု အဆက်အသွယ်မရှိအောင် သီးခြားစီ ခွဲထားရမယ်။ ဒါမှ ဆဲလ်တစ်ခု အဖမ်းခံရရင်တောင် ကျန်တဲ့အဖွဲ့တွေ ဆက်ပြီး ရှင်သန်နိုင်မှာ။ အခု ငါတို့ရှိနေတဲ့ နေရာက ဆဲလ်တစ်ခုပေါ့။ ပြီးတော့ ကလော့ဒ် နဲ့ လွှတ်တော်အမတ်တို့ ပါဝင်ပတ်သက်နေတဲ့ တခြားဆဲလ်တွေလည်း ရှိသေးတယ်၊ အဲဒါတွေကိုတော့ ငါလည်း ဘာမှမသိဘူး။
'အချိန်တန်ရင် သိရမှာပါ။ တစ်ဆင့်ချင်းသွားကြတာပေါ့။ လွှတ်တော်အမတ်က ငါတို့လူတွေကို ထိုင်းနိုင်ငံဆီ ပို့နိုင်ဖို့ လမ်းကြောင်းပွင့်အောင် အဆက်အသွယ်အချို့နဲ့ ချိတ်ဆက်ပေးနေတယ်။
ဒါဆိုရင် ထိုင်း က ကျွန်တော် တို့ အထိုင်ချရာ စခန်း ဖြစ်လာတော့ မှာပေါ့။
အဲ့ ဒီ အတိုင်းပဲ။
ပင်လယ်ဖက်က သွားဖို့ဆိုတာ အတော်လေး ခက်တယ်။ ကုန်းလမ်းကနေ ပဲ ပြန်ဝင်ရမယ်။ လောလောဆယ် ကလော့ဒ်က ငါတို့အတွက် ငွေ ရှာပေးနေတယ်၊ ငွေ ရှိရင် ငါတို့ လိုချင်တာ အကုန် ရနိုင်တယ်၊ လူ ရှာလို့ ရပေမယ့်၊ အဲ့ဒီ အတွက် လက်နက်တွေ လိုလာပြီ၊ ပြီးရင် လေ့ကျင့် ပေးဖို့ နဲ့ အဲ့လို လေ့ကျင် ပေးရမယ့် နေရာ ရှာရတော့မယ်၊ ပြီးရင် ထိုင်းကို ပို့ပေးဖို့လည်း လိုလာပြီ၊ မင်း ပြောသလို ကွန်မြူနစ် တွေ လို တွေးနိုင်မှ ဖြစ်မယ်။ ရှေလာမယ့် ဆယ်စု နှစ်တွေ အတွက် ကြိုစဉ်းစားနိုင်မှ တော်ကာ ကျမယ်၊ သူတို့လိုပဲ မြေအောက်မှာ နေပြီး လှုပ်ရှား နိုင်မှ ကို ဖြစ်မယ်။
အနည်းဆုံးတော့ ငါတို့ အမှောင်နဲ့ ကျင့်သား ရနေကြပြီ။
ဟုတ်တယ်မလား။ ငါတို့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ အရေးကြီးတဲ့ အချိန် ရောက်တိုင်း ငါတို့မှာ တကယ်တမ်း ရွေးချယ်ခွင့်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တာ။ ကွန်မြူနစ်ဝါဒ ဆိုတာက သူတို့ကို ဆန့်ကျင်ဖို့ ဘာပဲ ဖြစ်ဖြစ် လုပ် မှ ဖြစ်တော့မယ် ဆိုပြီး ငါတို့ကို ဖိအားပေးခဲ့တယ်။ သမိုင်းက ငါတို့ကို မောင်းနှင်ခဲ့တာ။ တိုက်ပွဲဝင်ဖို့၊ မကောင်းဆိုးဝါးကို တွန်းလှန်ဖို့နဲ့ မေ့ပျောက်ခံရမှာကို အန်တုဖို့ကလွဲရင် ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး။ ဒါကြောင့်မို့လို့ပဲ—" (ဒီနေရာမှာ ဗိုလ်ချုပ်ကြီး က ဆန်နီ၏ သတင်းစာကို ကောက်ကိုင်လိုက်ပြီး) "—စစ်ပွဲကြီး ပြီးသွားပြီလို့ ပြောတာတောင်မှ အန္တရာယ်ရှိတယ်။ ငါတို့လူတွေကို ပေါ့ ပေါ့ ဆဆ နဲ့ သာယာသွားခွင့် လုံးဝ ပေးလို့မဖြစ်ဘူး။
ပြီးတော့ သူတို့ရင်ထဲက နာကြည်းချက်တွေကိုလည်း အပျောက်မခံသင့်ဘူးလို့ ကျွန်တော် က ဖြည့်စွက်ပြောလိုက်သည်။ 'အဲဒီနေရာမှာ သတင်းစာတွေက ယဉ်ကျေးမှုမျက်နှာစာကနေ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ပေးနိုင်မှ ဖြစ်မယ်။ ဒါကလည်း သတင်းထောက်တွေက သူတို့ လုပ်သင့်တဲ့အလုပ်ကို လုပ်မှသာ ဖြစ်လာမှာ။
ဗိုလ်ချုပ်က သတင်းစာကို စားပွဲပေါ် ပြန်ပစ်တင်လိုက်ရင်း— 'နာကြည်းချက် ... တကယ့်ကို ကောင်းတဲ့စကားလုံးပဲ။ အမြဲတမ်း နာကြည်းနေရမယ်၊ ဘယ်တော့မှ လျှော့မပေးနဲ့ (Always resent, never relent)။ ဒါဟာ ငါတို့ရဲ့ ဆောင်ပုဒ်ဖြစ်သင့်တယ် ထင်တယ်။
နားထောင်လို့ကောင်းတဲ့ စာသားလေးပဲဗျ' လို့ ကျွန်တော်က ပြန်ပြောလိုက်သည်။
************************