ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(42)

by Hla Soewai - Jul 18 2025

ဘင်ဂျမင် ဖရန်ကလင်က ကိုယ့်ထက် အသက်ကြီးသည့် အငယ်အနှောင်းမျိုး ရှိထားခြင်းသည် လိုလားနှစ်သက်စရာ ဖြစ်သည်ဟု လူငယ်တ‌ဦး အား အကြံပေးခဲ့ဖူးသည်ဟု ပါမောက္ခ ဟမ်မားက ပြီးခဲ့သည် ဆယ်နှစ်ခန့်က ကျွန်တော့်ကို သင်ပေးခဲ့ဖူးပေသည်။

 

အဆိုပါ အမေရိကန် ပညာရှင် ဂုရု ကြီး၏ စာပါ အကြောင်းအရာ တခုလုံးကို ကျွန်တော် မသိ‌ တော့သော်လည်း အချက် နှစ်ချက်ကိုတော့ မှတ်မိနေဆဲ ဖြစ်သည်။ ပထမ အချက် က မိမိထက် အသက်ကြီးသော အငယ်အနှောင်း သည် အမြဲလို မိမိအား ကျေးဇူး ဥပကာရ တင်နေတတ်သည် ဆိုခြင်း ပင် ဖြစ်သည်။ လူအများအပြား အတွက် မှန်နိုင်သော်လည်း မစ္စက် မိုရီ အတွက်တော့ မမှန်ဟု ဆိုရပေမည်။ ကျွန်တော်ကို သူ့အား ပြန်၍ ကျေးဇူး တင်နေစေချင်သည်။ ကျွန်တော်ကလည်း ကျေးဇူးတင်မိသည်။

 

ကျွန်တော် အဖို့ကား ပြည့်တန်ဆာ များ နဲ့ အတူ နေနိုင်သည့် အခြေအနေမျိုး မရှိခဲ့၍ ထိုသို့သော လူသား တဦး ကို နှစ်သိမ့်ဆု အဖြစ် ပေးအပ်ထားသည့် ကိုယ့်ဘာသာ ကိုယ် အာသာဖြေခြင်း ဆိုသည်နှင့် ဖြေရှင်းခဲ့ရစမြဲလည်း ဖြစ်သည်။

 

ယခု ကျွန်တော့်တွင် လွတ်လပ်တဲ့ အချစ် free love ရှိလာခဲ့ပြီ၊ ဒီအချစ်သည် လူမျိုးရေး ဆိုင်ရာ ပရိုတက်စတင့် ဘာသာရေး ဆင်ခြေများ နှင့် ခါးစည်းထားခြင်း သို့မဟုတ် ဗြဟ္မစရိယာ ကျင့်စင် နဲ့ သော့ခတ်ထားခြင်း မျိုး နှင့် အရင်းရှင်စနစ်ကို စိန်ခေါ်လာယုံမက ကွန်ဖြူးရှပ် အငွေ့အသက်များ ရှိသည့် ကွန်မြူနစ် စနစ်အတွက်လည်း ထူးခြား ဆန်းပြားနေပြန်သည်။

 

ယင်းသည် ကွန်မြူနစ် စနစ် အတွက် အကျိုးမဲ့ရာ မဲ့ကြောင်းများထဲက တခု ဖြစ်နေသည်။ မြင့်မြတ်သော လယ်သမား တဦးသည် သူ၏ ပေါက်ပြား အား လယ်ယာမြေ အတွက် မြုပ်နှံထားသလို ရဲဘော် ရဲမေ တိုင်းသည်လည်း ထိုကဲ့သို့ပင် ပြုကျင့် နေထိုင်ကြရမည်ဟု ယုံကြည်ထားခြင်း ကြောင့် ဖြစ်သည်၊ ထိုသို့ ယုံကြည်ထားမှုသည်လည်း နောက်ဆုံး တွင် ကွယ်ပျောက်သွားလိမ့်မည်သာ ဖြစ်သည်။

 

အာရှ ကွန်မြူနစ် ဝါဒ အောက်တွင် လိင်ကိစ္စ မှ လွဲ၍ အရာအားလုံးသည် လွတ်လပ်မှု ရှိသည်။ ဤသည်ကလည်း အရှေ့တိုင်းတွင် လိင်ပိုင်းဆိုင်ရာ တော်လှန်မှု ဖြစ်မလာသေးသော ကြောင့်လည်း ဖြစ်သည်။ ထိုသို့ ဖြစ်မလာခြင်းမှာလည်း ရစ်ချတ် ဟက်ဒ် အဆိုအရ အာရှ ရှိ မိသားစု များတွင် ယေဘုယျ အား ဖြင့် တွေ့ရတတ်သည့် လူတယောက်သည် ကလေး ခြောက်ယောက်၊ ရှစ်ယောက်၊ တဒါဇင်ခန့် မွေးနိုင်လောက်အောင် လိင်ပိုင်းဆိုင်ရာ တွင် လုံလောက်မှု ရှိနေမည် ဆိုလျှင် နောက်ထပ် ထိုအရေးကို တောင်းဆိုလာမည့် တော်လှန်ရေး မျိုး ဖြစ်လာနိုင်စရာ ရှိပါဦးမည်လော။

 

အမေရိကန် တို့တွင်တော့ တော်လှန်ရေး တခု အတွက် ကာကွယ်ဆေး ထိုးခံထားရ၍ အခြားတော်လှန်ရေး များကို ခံနိုင်ရည် ရှိနေသည်။ ၎င်းတို့အဖို့က အပူပိုင်း ဒေသရှိ လွတ်လပ်သော အချစ် နှင့် ဆီပူ ထဲ ထည့်အကြော်ခံရသလို မျိုးသာ စိတ်ဝင်စားပြီး တရှဲရှဲ မြည်လာနေသော နိုင်ငံရေး စနက်တံ ကိုတော့ စိတ်ဝင်စားကြမည် မဟုတ်။

 

ကျွန်တော်သည်လည်း မစ္စက်မိုရီ၏ စိတ်ရှည်လက်ရှည် နှင့် သင်ကြားပြသပေးမှု အောက်တွင် အစစ်အမှန် တော်လှန်ရေး တိုင်းတွင် လိင်ပိုင်း ဆိုင်ရာ လွတ်မြောက်ခြင်းလည်း ပါဝင်နေသည်ကို သဘောပေါက်စ ပြုလာခဲ့သည်။

 

ထို အတွေးအမြင်သည် မစ္စတာ ဖရန်ကလင် နှင့် အလှမ်းကွာလှသည်တော့ မဟုတ်၊ ထိုပုဂ္ဂိုလ်ကြီးသည် နိုင်ငံရေး တွင် ကာမဂုဏ်၏ အရေးပါပုံကို ကောင်း‌စွာ သိနားလည် ထားသည်။ အမေရိကန် တော်လှန်ရေး တွင် နိုင်ငံရေး သမားတို့ ပြင်သစ်တို့၏ အကူအညီ ရရန် ဆွဲဆောင်ခဲ့သလို အမျိုးသမီးများကိုလည်း ဆွဲဆောင်ခဲ့ကြသည်။

 

ထိုအချက်များကို ထောက်ရှုမည် ဆိုက ပထမဦးဆုံး အမေရိကန်ကြီးမှ သူ၏ လူငယ် မိတ်ဆွေ တဦးအား အကြံပေး ရေးသားသည့် စာပါ အကြောင်းအရာ အနှစ်ချူပ်သည် မှန်ကန်နေသည်။ ကျွန်တော်တို့ အားလုံး အငယ်အနှောင်း ထားမည် ဆိုက ကိုယ့်ထက် အသက်ကြီးသူကိုသာ ထားသင့်သည်။

 

ဤသည်ကား အမျိုးသမီးတွေကို လိင်ခွဲခြား ဆက်ဆံသည်ဟု ဆိုလိုရာ မရောက်၊ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးကြီး များသည်လည်း ငယ်ရွယ် သန်စွမ်းသော ယောက်ျားပျို များအား အိပ်ယာဝင် မဖေါ် အဖြစ် ထားသင့်သည်ဟု သွယ်ဝိုက်ဆိုလိုသည့် သဘော ပါရှိနေသောကြောင့်ပင် ဖြစ်သည်။

 

ထိုပုဂ္ဂိုလ် ကြီး၏ စာထဲတွင် သိမ်မွေ့မှု က ပါခဲလှသော်လည်း ကာမရာဂစိတ် ပြင်းထန်သည် ဆိုသော အမှန်တရားကတော့ ပါခဲ့သည်။

 

သူ၏ စာပါ ဒုတိယ အချက်သည်ကား အသက် အရွယ်၏ ဆွဲငင်အားသည် နှစ်ကြာလာသည်နှင့် အမျှ အပေါ်မှ နေ၍ အောက်သို့ တဖြေးဖြေး သက်ရောက်လာသည် ဟူ ၍ ဖြစ်သည်။ သူ၏ အဆိုအရ မျက်နှာ အသွင်အပြင်က စသည်၊ ထို့နောက် တောင်ဖက်ရှိ လည်ပင်းသို့ ရောက်လာပြီး၊ ထိုမှ ရင်သား ၊ နောက် ဝမ်းဗိုက် အစရှိသည်ဖြင့် ဆင်းလာသည်။ အသက်ကြီးကြီး အငယ်အနှောင်း တဦးတွင် မျက်နှာက ခြောက်သွေ့ပြီး ဇရာ အရေး အကြောင်းများ ရှိနေသော်လည်း အရေးကြီးသည့် အစိတ်အပိုင်းများတွင်တော့ ပြည့်ပြည့်တင်းတင်း နှင့် ဆွဲဆောင်မှု ရှိနေတုန်းပင် ဖြစ်သည်၊ ထိုသို့ ဖြစ်လာက သူ့ ခေါင်း‌ကို ခြင်းတောင်းတလုံး နှင့် စွပ်ထားလိုက်ယုံသာ ရှိသည်။

 

မစ္စက် မိုရီ အတွက်ကတော့ ထိုသို့ လုပ်ရန် မလိုလှ၊ သူမ၏ အသွင်အပြင်သည် အသက်အရွယ် နှင့် မဆိုင်သလို အမြဲလို တင့်တယ်နေသည်။ ကျွန်တော်ကို ထိုထက် ပို၍ ပျော်စေနိုင်သည့် အရာကား ဘွန် တွင် အဖေါ်တယောက် ရှိလာဖို့ ဖြစ်သည်။ ဘွန်သည် ယခုထိ ကျွန်တော် သိရသ‌ လောက်က တကိုယ်ရေ တကာယ ဖြစ်နေဆဲပင်၊ ရှက်လည်း ရှက်တတ်သူ ဖြစ်နေသည့် အပြင် ကက်သလစ် အယူ ဆိုသည့် ဆေးခါးကြီးကို ဝါးမြို နေတုန်း ဖြစ်သည်။

 

ကျွန်တော် အတွက် ခက်ခဲသည်ဟု ယူဆထားသည့် လူသတ်ရသည့် အလုပ်မျိုးက သူ့အတွက် ပြဿနာ မရှိ ဖြစ်နေပြန်ပြီး လိင်ကိစ္စ တွင် တော့ သိုသိပ်လွန်းပြီး အရှက်အကြောက် ကြီးနေသည်။ ဤသည်က ကက်သိုလစ် ဘာသာ၏ သမိုင်းကြောင်းကို အတော်လေး တွေးစရာ ဖြစ်လာခဲ့သည်။ သမိုင်းကြောင်း တလျှောက် လိင်တူ၊ လိင်ကွဲ၊ သို့မဟုတ် ကလေးသူငယ်များ နှင့် လိင်ဆက်ဆံမှု များသည် မည်သည့် အခါမှ မဖြစ်ခဲ့‌ ‌‌ လေဟန် ဖြင့် ဗာတီကန် ရှိ ဆရာတော်များ၏ ဝတ်ရုံ အောက်တွင် ဖုံးကွယ် ‌ပေးထားခဲ့ကြသည်။

 

ကာဒီနယ်တွေ၊ ဘိရှော့တွေ၊ ဘုန်းတော်ကြီးတွေနဲ့ ဘုန်းကြီးကျောင်းနေ သံဃာများကကော အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ယောက်ျားလေး များ နှင့် သာမက အချင်းချင်း ကော လိင်မှုကိစ္စတွေ လုပ်ဆောင်နေကြပြီလား။ ထိုအကြောင်းများကို ပြောဆို ‌ဆွေးနွေးခဲလှသည်။ လိင်ကိစ္စ များ ပေါ်ထွက်လာခြင်းသည် မှားယွင်းသည်ဟု ပြောလိုခြင်း မဟုတ်၊ အပုပ်နံ့ ထွက်လာသည်က လိင်ကိစ္စ ကြောင့် မဟုတ်ဘဲ ကြောင်သူတော် ယောင် ဆောင်နေမှု များ ကြောင့် ဖြစ်သည်။

 

သို့သော် ကယ်တင်ရှင် ဘုရားသခင် ခေါင်းစဉ် အောက်တွင် ဘုရားကျောင်းများသည် လူများအား နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခရူးဆိတ် စစ်ပွဲ ဆင်နွှဲခြင်း၊ သို့မဟုတ်ကလည်း အာရေဗျ မှသည် အမေရိကား အထိ ရောဂါဘယများ ကူးစက်အောင် လုပ်ခဲ့ခြင်း များ အား အချည်းနှီးသက်သက် ဟန်ဆောင်မှု မျက်နှာဖုံးကြီး စွပ်ထားသည့် နောင်တ ဆိုသည်နှင့်သာ ဝန်ခံ အသိအမှတ် ပြုခဲ့ခြင်းမျိုးသာ ရှိသည်။ မတတ်သာ၍သာ ဖြစ်နိုင်လျှင် အသိအမှတ်ပင် ပြုချင်ပုံ မရ။