ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(37)

by Hla Soewai - Jun 07 2025

အိမ်အပြန် တွင် ကျွန်တော်သည် ကုန်စုံဆိုင် တဆိုင်သို့ ဝင်ပြီး ပေါင်မုန့်၊ ဆာလာမီ၊ ပလပ်စတစ် ဗူး နှင့် ထည့်ထားသော ဗော်ကာ တလီတာ၊ ကော်မှုန့်နှင့် ဆားကို ဝယ်လာခဲ့သည်။ အလွမ်းပြေ ဆန်မှုန် ကို ဝယ်ချင်သော်လည်း ရှာဖို့ မလွယ်လှ၊ အိမ်ပြန်ရောက်သည်နှင့် ဝယ်လာသည်များကို ဘေးချပြီး ကျွန်တော်၏ စိတ်နှစ်ခွ ဖြစ်နေသော စာရွက်ကို ရေခဲသေတ္တာ တွင် ကပ်ထားလိုက်သည်။

 

အမေရိကား တွင်တော့ လူဆင်းရဲ များပင် အိမ်တွင်ရေခဲသေတ္တာ ရှိကြသည်။ ဗိုလ်ထိုင် အိမ်သာ၊ နှစ်ဆယ့် လေးနာရီ ရေမီး အပြည့်အစုံ နှင့် မွေးရပ်‌ မြေ ရှိ လူလတ်တန်းစား ဆိုသူများပင် မရှိ‌ သော ပစ္စည်းများ ရှိနေသည် ဆိုသည်က ပြောဖို့ပင် မလို။ အခုကော ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ဆင်းရဲသည်ဟု ထင်ခဲ့သ‌လား၊ ဆင်းရဲသည် ဆိုခြင်းက နေရထိုင်ရသည့် အခြေအနေနှင့် ဆိုင်ကောင်း ဆိုင်နေပေလိမ့်မည်။ 

 

နေရသည့် အိမ်သည် ခပ်ခြာခြာ အိပ်ခန်း တခန်းသာ ရှိသည့် တိုက်ခန်းမျိုး ဖြစ်သည်။ ပထမထပ် တွင် ရှိပြီး အထဲဝင်လျင် ဆိုးဆိုးဝါးဝါး ထွက်လာသည့် အနံ့က လူ့ခန္ဓာ ကိုယ် ရှိ ချက် တွင် လာကပ်နေသည့် အဝတ်အစားမှ ထွက်လာသော အမှုန်လေးများ မှ ထွက်လာ နေခြင်း ဖြစ်သည်။ ကျွန်တော်လည်း အဒေါ် ဖြစ်သူထံ စာရေးခဲ့သည်။ ထိုနေ့က ထုံးစံ အတိုင်း စာရေးနေစဉ် ဘွန် သည် အနီရောင် ဆိုဖာ ရှည်ကြီး ပေါ်တွင် တလူးလူး တလိမ့်လိမ့် ဖြင့် ပူဆွေးနေသည်ကို တွေ့လိုက်ရသည်။

 

ဘွန်သည် အလုပ်သွားသည်က လွဲ၍ အိမ်တွင် ကုပ်နေသူ ဖြစ်သည်။ သူ့အလုပ်က တရားဟော ဆရာ ရာမွန်၏ ဘုရားကျောင်းတွင် ညစောင့် အဖြစ် ဝင်လုပ်နေသည်။ ဘုရားကျောင်းသည် စိတ်ဒဏ်ရာ ရသူများကို တဖက်က ကယ်တင်ရင်း တဖက်ကလည်း ငွေများ စုဆောင်းနေသည်။ ထို့အတွက် ဘုရားသခင် ကို ကိုးကွယ်နိုင်ပြီး တချိန်တည်း တွင် စည်းစိမ်ဥစ္စာများအားလည်း ဝတ်ပြု နိုင်ကြောင်း သက်သေ ပြနေခြင်း ဖြစ်သည်။ ဘုရားကျောင်းက ဘွန် အတွက် အစိုးရမှ အခွန်လိုက်လို့် မရအောင် လခ ကို ငွေသားဖြင့် ထုတ် ပေးခဲ့သည်။ ဘွန်သည်လည်း အစိုးရအား ပြစရာ ဝင်ငွေ မရှိသည့် အတွက် လူမှု ဖူလုံကြေး ထောက်ပံ့ငွေ ရလာသည်။ ဘွန် အဖို့ သူ့ရသင့် ရထိုက်သည်ဟု ယူဆထားမှု ကြောင့် ရှက်ဖို့ ကောင်းသည်ဟု အနည်းငယ် ပေါ်လာသော စိတ်ကို ဖယ်ထုတ်ပစ် နိုင်ခဲ့သည်။

 

သူ့နိုင်ငဲ အတွက် မဖြစ်စလောက် လစာလေး နှင့် အမှုထမ်းရင်း အ‌မေရိကန် တို့ ဆုံးဖြတ်ပြဋ္ဌာန်းလာသည့် စစ်ပွဲထဲ ဝင်တိုက်ပေးခဲ့ရသည့် အတွက် ဆုတံဆိပ် ထက်စာလျင် လူမှု ဖူလုံကြေး ဆိုသည်က ထိုက်ထိုက်တန်တန် ရသည့် ‌ဆုကြေးဟု မှန်ကန်စွာ ကောက်ချက်ချခဲ့သောကြောင့်လည်း ဖြစ်သည်။ သူ့အဖို့ လက်ခံယုံသာ ရှိပြီး အခြား ရွေးစရာ လမ်းမရှိ၊ မည်သူကမှလည်း လေယာဉ်ပေါ်မှ ခုန်ဆင်းနိုင်သူ၊ ကျောပိုးအိတ်ထဲ ပေါင် ရှစ်ဆယ် အလေးချိန်ထည့်ပြီး လမ်းလျှောက်နိုင်သူ၊ ပစ္စတို၊ ရိုင်ဖယ် တို့ နှင့် ပစ်မှတ် အလယ် တည့်တည့်ကို မှန်အောင် ပစ်ခတ်နိုင်သူ၊ တီဗီ တွင် မျက်နှာဖုံး စွပ်ပြီး ခန္ဓာကိုယ် တွင် ဆီအလူးလူး လိမ်းထားသည့် ကြေးစား နပမ်းသမားများထက် ဒူပေဒါပေ ခံနိုင်သူမျိုးကို ယခုလို အချိန်မျိုး တွင် အလို ရှိတော့မည် မဟုတ်။

 

အစိုးရ ထောက်ပံ့ကြေးများ သွားထုတ်ရသည့် ယခုလို့ နေ့မျိုး တွင် ဘွန် သည် ဘီယာ တကပ် လောက် ဝယ်တတ်ပြီး ရလာသည့် စားဖို့ သောက်ဖို့ အတွက် ဝယ်ခွင့်ရ လက်မှတ် ကို‌ တော့ တပတ်စာအတွက် အေးခဲနေသည် အစားအသောက် များ ဝယ်ယူခဲ့သည်။

 

ကျွန်တော်လည်း ရေခဲသေတ္တာ ဖွင့်ကာ ကျွန်တော် အတွက် ဘီယာ ရာရှင် ကို ထုတ်ယူပြီး ဘွန် ရှိသည့် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ ဘွန်က တော့ ဘီယာ ဒါဇင်ဝက်ခန့်ကို စက်သေနတ် ပစ်သည့် အလား တစွပ်စွပ် ‌သောက်ပြီး နေပြီ။ ဗူးခွံများက ကော်ဇောပေါ်တွင် ပျံ့ကျဲနေသည်။ ဆိုဖာပေါ်တွင် ပက်လက်ကြီး လှန်နေပြီး နဖူးအားလည်း အေးစက်‌ နေသည့် ဘီယာသံဗူးနှင့် ကပ်ထားသည်။ ကျွန်တော်လည်း ဧည့်ခန်းထဲ ရှိသမျှ ပရိဘောဂ များ ထဲတွင် အကောင်းဆုံး ဖြစ်သည့် နောက်ကိုလှဲ၍ မှီလို့ရသော ဆိုဖာ ပေါ်တွင် ထိုင်ချရင်းက တီဗီ ကို ဖွင့်လိုက်သည်။

 

ဘီယာကလည်း ကလေး သေးနံ့ ထွက်နေသည်။ ကျွန်တော်တို့လည်း ထုံးစံရှိသည့် အတိုင်းသာ သောက်နေကြခြင်း ပင် ၊ ပျော်၍ ရွင်၍ မဟုတ်၍လည်း စည်းကမ်းတကျ မဟုတ်ဘဲ မှောက်သွားသည် အထိ သောက်ခဲ့ကြသည်။ ကျွန်တော် ပြန်နိုးလာသည့် အချိန်က နောက်တနေ့ပင် ကူးတော့မည် ဖြစ်သည်။ ကျွန်တော့် ပါးစပ်ထဲတွင် ရေမြုပ်ကြီး ထဲ့ထားသလို ချွဲကျိကျိ နှင့် မအီမသာကြီး ဖြစ်နေသည်။ အလန့်တကြား မြင်လိုက်ရသည်က လွန်စွာ ကြီးမားလှသော ပိုးကောင်ကြီး တ‌ကောင်၏ ခေါင်းပြတ်ကြီး သည် ပါးစပ်ကြီးကို ဖွင့်ကာ စိုက်ကြည့်‌နေခြင်းပင် ဖြစ်သည်။ နောက်မှ သစ်သား ဘီဒိုထဲ ထည့်ထားသော တီဗီ ၏ အ‌ပေါ်တွင် ထိုးထိုး ထောင်ထောင် ထွက်နေသော အင်တီနာ တိုင် နှစ်တိုင် တွဲလွဲကျနေမှန်း သိလိုက်ရသည်။

 

တီဗီ တွင် ကြယ်များနှင့် အစင်းကြောင်းများ ပါသည့် အမေရိကန် အလံသည် ဝှေ့ရမ်းနေပြီး အမျိုးသား သီချင်းကလည်း ကျယ်လောင်စွာ ထွက်ပေါ်‌‌ နေသည်။ နောက်ခံ အဖြစ် ခမ်းနားထည်ဝါလှသော ခရမ်းရောင် တောင်တန်း များ ‌ပေါ်တွင် တိုက်လေယာဉ် များ ဝဲပျံ နေသည်။

 

နောက်ဆုံး တီဗီ တွင် နှင်းပွင့်များလို အပြောက်အပြောက် နှင့် ရှဲ ရှဲ အသံများသာ ထွက်လာတော့သည်။ ကျွန်တော်လည်း မထချင် ထချင် နှင့် ထလိုက်ပြီး အိမ်သာသို့ ယိုင်တိယိုင်ထိုး နှင့် ဝင်ပြီး နောက် ကျဉ်း‌ မြောင်းလှသော အိပ်ခန်းထဲရှိ နှစ်ထပ် အိပ်စင် အောက်ထပ် ကျွန်‌ ‌တော့် အိပ်ယာ တွင် ဝင်လှဲလိုက်သည်။

 

ဘွန်က တော့ အပေါ်တွင် တက်အိပ်နေလေပြီ၊ လှဲနေရင်းက ကျွန်တော်တို့လည်း စစ်သားများလို အိပ်နေကြရပါလားဟု ‌တွေးလိုက်မိသော်လည်း ကျွန်တော်တို့၏ နှစ်ထပ် အိပ်စင်သည် အိမ်နှင့် မလှမ်းမကမ်းရှိ မက္ကဆီကန် များ သို့မဟုတ် မက္ကဆီကန်များ နှင့် တူသူများ ဖွင့်ထားသည့် ပရိဘောဂ ဆိုင်၏ ကလေးများ အတန်း မှ ဝယ်လာခဲ့ခြင်းသာ ဖြစ်သည်။

 

ကျွန်တော်လည်း ကမ္ဘာ တောင်ဖက်ခြမ်းဟု ခေါ်သော နေရာ မှ လာသူများကို ဘယ်နိုင်ငံက ဖြစ်မည်ဟု အတိအကျ ‌မဝေခွဲတတ်၊ သူတို့ ကိုယ်တိုင်လည်း ကျွန်တော့်အား ချီနို ဟု ခေါ်ခဲ့ကြ၍ မှားသွားလည်း စိတ်ဆိုးမည်ဟု မထင်။

 

နောက်ထပ် အချိန် တနာရီ ခန့် ကုန်ဆုံးသွားသော်လည်း အိပ်၍ မပျော်တော့၊ မီးဖို ချောင်ထဲ ဝင်ကာ ဆာလာမီ အသားညှပ် မုန့်ကို စားရင်း မနေ့က ရောက်လာသည့် အ‌ဒေါ်၏ စာကို ထပ်ဖတ် နေမိသည်။